ဘာကြောင့် ပုံမှန်သန်ချဖို့ လိုတာလဲ
ပုံမှန်သန်ချဖြစ်ရဲ့လား Healtppy လေးတို့ရေ…
ဘဝမှာ သန်ချတာကို ပုံမှန်လုပ်ဖို့ လိုတယ်ဆိုတာ မသိသေးတဲ့သူတွေ ရှိကြလား? တချို့က သန်ချတာဟာ ဖုန်တွေ၊ သဲတွေ၊ ရွံ့တွေနဲ့ ကစားတတ်တဲ့ ကလေးအရွယ်မှာပဲ လုပ်ဖို့လိုတာလို့ ထင်နေတတ်ကြပါတယ်။
ဘာကြောင့် သန်ချဖို့ လိုတာလဲ?
သန်ကောင်ဟာ ကပ်ပါးကောင် (Parasite) အမျိုးအစားဖြစ်ပြီး အူလမ်းကြောင်းထဲမှာ ကပ်တွယ်ရှင်သန်ပါတယ်။ အဖြစ်အများဆုံးကတော့ Roundworm (သန်လုံးကောင်) ၊ Pinworm (ပင်အပ်ပုံသန်ကောင်)၊ Hookworm (ချိတ်သန်ကောင်) နဲ့ Tapeworm (တုတ်ကောင်) တွေပါ။
သန်ဥတွေကို မျိုချမိရာကတဆင့် သန်ကောက်တွေဟာ လူ့ခန္ဓာကိုယ်ထဲကို ရောက်ရှိပါတယ်။
- မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေတွေကို စားသောက်မိတဲ့အခါ
- သေချာကျက်အောက် မချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားမိတဲ့အခါ
- ဆူရှီလို အစိမ်းရတဲ့ အစားအစာတွေ အစားများတဲ့အခါ
- ဖုံးအုပ်ထားခြင်း မရှိဘဲ ဖုန်မှုန့်တွေဝင်၊ ယင်ကောင်တွေနား၊ ပိုးဟပ်နဲ့ကြွက်တွေတက်ထားတဲ့ အစားအစာတွေကို စားသောက်တဲ့အခါ သန်ဥတွေဟာ အူလမ်းကြောင်းထဲကို ရောက်ရှိသွားပါတယ်။
ပုံမှန်သန်ချခြင်း မလုပ်ဘဲ ကာလကြာရှည်လာတဲ့အခါ…
- အာဟာရချို့တဲ့လာတာ
- သွေးအားနည်းလာတာ
- သံဓာတ်ချို့တဲ့လာတာ
- အသည်းနဲ့ အဆုတ်သန်စွဲတာ
- ဦးနှောက်နဲ့ အာရုံကြောထဲမှာ သန်စွဲတာတွေ ကြုံတွေရမှာ ဖြစ်ပြီး
- ကိုယ်ဝန်ဆောင်တွေဆိုရင် သန္ဓေသားမဖွံ့ဖြိုးဘဲ ပေါင်မပြည့် လမစေ့ကလေး မွေးနိုင်ခြေ ရှိပါတယ်။
ဘယ်လို သန်ချမလဲ?
သန်ချတာကို ၆ လတစ်ကြိမ် ပုံမှန်လုပ်သင့်ပါတယ်။ သန်ချဖို့အတွက် အသုံးအများဆုံးဆေးက albendazole နဲ့ mebendazole ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးရမယ့် ဆေးတွေပါ။
ဆေး၂ မျိုးလုံးဟာ သန်ကောင်တွေက အူအတွင်းက အာဟာရတွေကို စုပ်ယူခြင်းမှ တားဆီးပေးပြီး သန်ကောင်တွေကို သေစေပါတယ်။ Mebendazole ကို အသက် ၂ နှစ်အထက်ဆိုရင် 500 mg တစ်လုံးတစ်ကြိမ် သောက်ရပါမယ်။ အသက် ၂ နှစ်အောက်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပါ။
Albendazole ကတော့ အသက် ၂ နှစ်အထက်ဆို 400 mg ၊ ၂ နှစ်အောက် ပုံမှန်ဖွံ့ဖြိုးမှု ရှိတဲ့ကလေးဆို 200 mg သောက်ရပါမယ် (ပုံမှန်မဟုတ်တဲ့ ကလေးတွေက ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ)။ အဆုတ်နဲ့ အသည်းထဲထိ သန်စွဲနေသူ (hydatid cyst)၊ ဦးနှောက်နဲ့အာရုံကြောတွေမှာ သန်စွဲနေသူ (Neurocysticercosis) တွေက ရက်ရှည်သောက်ရမှာမို့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ညွှန်ကြားတဲ့အတိုင်း သောက်ရပါမယ်။
သောက်တဲ့အခါ မနက်ပိုင်း၊ နေ့လည်ပိုင်း၊ ညပိုင်း ကြိုက်တဲ့အချိန် သောက်နိုင်ပါတယ်။ အစာနဲ့ တွဲသောက်လည်း ရသလို အစာမရှိချိန် သောက်လည်း ရပါတယ်။ အာနိသင် ပိုရချင်ရင်တော့ မနက်စောစော ဘာမှမစားရသေးခင် သို့မဟုတ် ညစာစားပြီး ၂ နာရီခန့်ကြာမှ သောက်ပါ။ အစာနဲ့ တွဲသောက်ချင်ရင် အဆီများတဲ့ အစာနဲ့တွဲသောက်တာက စုပ်ယူမှုအား ပိုကောင်းစေပါတယ်။
အသည်းမကောင်းတဲ့သူ၊ ရိုးတွင်းခြင်ဆီနဲ့ ပတ်သက်တဲ့ ရောဂါရှိသူ၊ ဆေးနဲ့ ဓာတ်မတည့်သူတွေက သန်ချဆေးမသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေက ပထမ ၃ လအတွင်းမှာ သန်ချဆေး မသောက်သင့်ပါဘူး။
ဆေးသောက်ပြီးနောက် ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ယားယံတာ၊ ဖျားတာမျိုးဖြစ်ရင် ဆေးနဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်တာမို့ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားပြပါ။
၆ လတစ်ကြိမ် ပုံမှန်သန်ချတာအပြင် အစားအစာနဲ့ ရေကို ယင်၊ ပိုးဟပ်၊ ကြွက်တွေနဲ့ မထိတွေ့အောင်၊ သန့်ရှင်းအောင် ဂရုပြုတာ၊ သေချာချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးတာတွေက သန်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ကင်းဝေးစေပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်